ရသေ့တောင် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရသေ့တောင်မြို့ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးက ဆင်ခြေထောက်ရောဂါသည် ရုတ်တရက် သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း ခြေလက်အင်္ဂါ ဥပဓိရုပ် ပျက်ယွင်းခြင်းကြောင့် လူမှုရေးနှင့် စီးပွားရေးတွင် ထိခိုက်နစ်နာဆုံးရှုံးမှု ရှိနိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ (၅၀)ရှိ လူဦးရေ သန်း(၁၂၀)တွင် ဆင်ခြေထောက် ရောဂါ ကူးစက်မှု ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသော ခရိုင် (၄၅) ခရိုင် ရှိရာ၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းချက်အရ (၂၀၀၁) ခုနှစ်မှ စတင်ပြီး၊ လူအားလုံး ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့်၊ ယခုအချိန်တွင် လူဦးရေ (၁,၀၀၀) လျှင် ဆင်ခြေထောက် ရောဂါပိုးရှိသူ တစ်ဦးနှုန်းအောက် ကျဆင်းသွားသည့်ခရိုင် (၃၀)ကို ဆင်ခြေထောက်ကင်းဝေးရေး ဒေသ အဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်း ပြောခဲ့ကြားသည်။
ထို့နောက် မြို့နယ်ငှက်ဖျားကြီးကြပ် ဦးချစ်တင်က ဆင်ခြေထောက်ရောဂါ ဆေးတိုက်ကျွေးရာတွင် အိမ်ခြေ ၅၀ လျှင် တစ်အုပ်စု သတ်မှတ်ထားရာ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက ဆင်ခြေထောက်ရောဂါနဲ့ ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ကြရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)