ကျောက်ဖြူ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိရေးအတွက် ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးရီက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကိုကိုမောင်တို့က လူငယ်စကားဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသိန်းထွန်းအောင်မှ ဆောင်ရွက်ပြီး အထက(၁) ကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်မင်းဟိဏ်းထက်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ပြည့်စုံအောင်က “စာပေနှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအိအိမိုးက “ကျန်းမာရေးနှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးအိဆွေက “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်ဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)