ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျိန္တလီ ဇန်နဝါရီ ၂၉

ကျိန္တလီမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များ အနေဖြင့် ကျောင်းအားလပ်ချိန်များတွင် အသိပညာ ဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများ ဖတ်ရှုရန် လိုအပ်ကြောင်း၊ ယခုလို တစ်ဦးနှင့်တစ်ဦး အသိပညာ ဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

ဆက်လက်၍ မကြည်ဖြူလင်းက “အဆိုးနဲ့အကောင်း” ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မထိုက်ထိုက်အောင်က “လူ့တန်ဖိုး”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ မပြည့်ပြည့်ဝေက “လူထဲကလူ အတူတူမဟုတ်” ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို လည်းကောင်း၊ ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)