ပေါက်တော ဇန်နဝါရီ ၂၈
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးကာ Grade -11မှ ကျောင်းသူမသန်းသန်းနွယ် က“လူငယ်နှင့်စာရိတ္တ”၊ Grade-11 မှ ကျောင်းသူ မလှဝင်းခင် က “လူငယ်နှင့်စာဖတ်ခြင်း” Grade- 11မှ ကျောင်းသား မောင်ကိုကိုလင်းက “လူငယ်နှင့်မူးယစ်ဆေးဝါး” Grade-11မှ ကျောင်းသား မောင်စိုးလင်းအောင်က “လူငယ်နှင့်အားကစား” အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူလေးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)