မြေပုံ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show စာကားဝိုင်းပြုလုပ်သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်နီချေက မိတ်ဆက် စကားပြောကြားပြီး စားသုံးသူကာကွယ်ရေးဆိုသောအဓိပ္ပါယ်ကိုရှင်းလင်းခြင်းနှင့် စားသုံးသူများအခွင့် အရေး ကိုရှင်းလင်းဆွေးနွေးပေးရန်တို့ကို မေးမြန်းသည်။
မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံညွှန့်က စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်ဆို တာကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး စားသုံးသူတို့၏ အခွင့်အရေးနှင့်အကျိုး စီးပွားကို ဥပဒေနှင့်အညီ ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရခြင်း လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ခုနှစ်တွင်စတင် ဖွဲ့စည်းပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်မှ အခန်း ပေါင်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှု ပြစ်ဒဏ်များကိုပါ ပြဌာန်းထားရှိပြီး ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စားသုံးသူအခွင့်အရေး(၈)ချက်အား ဆွေးနွေးရာတွင် အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရ ရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သောသတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက် အထားရ ယူပိုင်ခွင့်ရှိ ခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရှိခြင်း၊ နစ်နာဆုံးရှုံးမှု အတွက်ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သော အချက်အလက် များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမက အနာဂါတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာ သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိစေခြင်း တို့ကို ဆွေးနွေး ပြောကြားသည်။
တင်ဝင်း