သံတွဲမြို့၌ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေးညှိနှိုင်းဆွေးနွေး

သံတွဲ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပမည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နာယက ဦးအောင်သန်းတင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပူဇော်ပွဲအကြို ဓမ္မပူဇာတရားပွဲကျင်းပရေး၊ ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရေး၊ ပူဇော်ပွဲကျင်းပရေးနှင့် အလှူငွေရရှိမှုအခြေအနေများကို ငပလီမြို့ မြို့မိမြို့ဖ ဦးဖိုးရီအောင်နှင့် ပူဇော်ပွဲကျင်းပရေးကော်မတီများက ပူးပေါင်းဆွေးနွေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။

အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အားပင့်ဖိတ်၍ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၇/၁၈ ရက်များတွင် ညတရားပွဲများဖြင့် သံတွဲမြို့၊ နန်းချောင်းကျေးရွာရှိ သံတွဲ - ငပလီလမ်းပေါ်ရှိဦးမြင့်လှိုင်၏ ပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)