မြေပုံ ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့လ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေး Talk Show စကားဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်နီချေက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူကာကွယ် ရေးဆိုသောအဓိပ္ပါယ်ကိုရှင်းလင်းခြင်းနှင့် စားသုံးသူများ အခွင့်အရေးကိုရှင်းလင်းဆွေးနွေးပေးရန်တို့ကို မေးမြန်းသည်။
မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံညွှန့်ကစားသုံးသူကာကွယ်ရေးအဓိပ္ပါယ်ဆိုတာကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး စားသုံးသူတို့၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိအောင်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရခြင်းလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ(၁၅) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှ အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကိုပါ ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စားသုံးသူအခွင့်အရေး(၈)ချက်အား ဆွေးနွေးရာတွင် အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သောသတင်းအချက်အလက် များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူပိုင်ခွင့်ရှိ ခြင်း၊ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုအတွက် ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမကအနာဂါတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိစေခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
တင်ဝင်း