ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကျောက်ဖြူ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ကျောက်တစ်လုံး IDPs စခန်းမှ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အသက်ဆုံးရှုံးရပုံများကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် အဆိုပါ ဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသထားရှိရာ ၎င်း IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း