ကျေးရွာများရှိ ကျောင်းသားလူငယ်များ အဆင်ပြေပြေ စာပေဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် ကျေးရွာအရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မိုင်းနောင် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများသည် ကျေးရွာများရှိ ကျောင်းသားလူငယ်များ စာအုပ်၊ စာစောင်များ အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တူယားကျေးရွာသို့အရောက် စာအုပ်၊ စာစောင်များကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သွားရောက်၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော မြို့ပေါ်နှင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ စာပေဗဟုသုတများရရှိစေရေးနှင့် အားလပ်ချိန် တွင် စာအုပ်စာစောင်များ ဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းလူငယ်များ ဖြစ်ပေါ်လာစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ အလက(ခွဲ)တူယားကျေးရွာသို့လည်း အရောက်သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)