ရပ်စောက်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရပ်စောက် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရေး၊ အမှားအမှန်ခွဲခြားသိမြင်တတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေးဟော ပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက “လူငယ်ဆိုတာ၊ လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ” စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့မှ အငြိမ်းစားဆရာမ ဒေါ်ကြည်ဌေးက "လူကြီးလူကောင်းစိတ်"ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိနှင့် ဆရာမကြီးတို့က ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)