စစ်တွေ ဇန်နဝါရီ ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ ဓမ္မဇေယျခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးအား ရခိုင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအပြင်ဘက်၌ ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဘာသာရပ်အလိုက်ပြခန်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဓမ္မဇေယျခန်းမ၌ကျင်းပရာ စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့်သီဆိုဖျော်ဖြေ ကြပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ယင်းနောက် ပြည်နယ်လူမှုရေး ဝန်ကြီး ဦးအောင်မျိုးက ယနေ့ကျင်းပသည့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ရခိုင်ပြည်နယ်၏ ပညာရေးတိုးတက်မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ပေးကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား ပင်ကိုယ်အရည် အသွေးနှင့် ထူးချွန်ထက်မြက်မှုများကို ဖော်ထုတ်ဂုဏ်ပြု ချီးမြှင့်ပေးခြင်းကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပိုမိုကြိုးစားလာပြီး ရခိုင်ပြည်နယ်၏ ဂုဏ်ကိုပညာရေးဖြင့် မြှင့်တင်ပေးသွားကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော် ကျင်းပရေးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။ ယင်းနောက် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လေဇောင်လာပါ သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရ အထက်တန်း ကျောင်းအုပ်၊ မူလတန်းကျောင်းအုပ်များ၊ ပြည်နယ်အဆင့် နိုင်ငံတကာ လူငယ်များ ပေးစာရေးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများဘာသာရပ်ဆိုင်ရာ စွမ်းပြိုင်ပွဲများတွင် ဆုရရှိကြသောကျောင်းသား၊ ကျောင်းသူများနှင့် The 30 th Annual World Children’s Picture Contest ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက မုနိမဟာဘဂဝါပူဇာ၊ စည်းလုံးဖို့လိုရေ၊ အသီးတစ်ရာ အညှာတစ်ခု၊ လာလည်ပါလေလေးရပ်မြေ စသည့်တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မဟာနွယ်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)