ပုဏ္ဏားကျွန်းမြို့၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်ပရိတ်တရား ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ပုဏ္ဏားကျွန်း  ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အတွင်းအောင်ခြင်း၊ အပြင်အောင် အောင်ခြင်းရှစ်ပါး ဂါထာတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မဧစေတီဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး၊ ပုဏ္ဏားကျွန်းမြို့  ရွှေတောင်တန်းကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တဝရိန္ဒ ထံမှငါးပါးကို ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များက အတွင်းအောင်၊ အပြင်အောင်၊ အောင်ခြင်းရှစ်ပါး ပါဠိတော်အား ရွတ်ဖတ်ပူဇော်ချီးမြှင့်တော်မူပြီး၊ ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း ရှစ်ပါး(မြန်မာပြန်)ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များက နဝက္ကမဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)