မောင်တော ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မြို့ဦးရွှေစည်းခုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် အလှူငွေများ ထည့်ဝင်နိုင်ရေးကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် တပို့တွဲလပြည့်နေ့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထမနဲအတွက်လိုအပ်သော ပါဝင်ပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသောမြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)