အမ်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်ချိန်ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အမှတ် (၃)ရပ်ကွက် မြတ်စွယ်တော်ဓမ္မာရုံ လေယာဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၊ တပ်တောင်မြို့ အမှတ် (၁)ရပ်ကွက်၊ သာသနာ့ဝေပုလ္လာရာမဘုန်းတော်ကြီးကျောင်းတိုက်နှင့် အမ်းမြို့နယ်ကျေးရွာ အုပ်စုများတွင်ဆရာတော်၊ သံဃာတော်များနှင့်ဓမ္မပါလဝတ်အသင်းသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါး ပါဠိတော်ကိုလည်းကောင်း၊ ဓမ္မပါလဝတ်အသင်းသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အပြင်အောင်ခြင်းရှစ်ပါး ပါဠိနှင့် ပရိတ်ကြီး(၁၁) သုတ်မှ ဓဇဂ္ဂသုတ်တို့ကိုလည်းကောင်းရွတ်ပွားပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက လှူဒါန်းဖွယ်ရာဆိုင်ရာများအား ပင့်ဆောင်သံဃာတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)