ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံ

ကျောက်ဖြူ   ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အထက-၃၊ အထက(ခွဲ)တောင်ရင်း၊ အမက(အစိုးရ)ကျောင်းနှင့် အလက(၄)သန်ပန်ချောင်းကျောင်းများ၌ သတ်မှတ်စုရပ်နေရာအသီးသီးတွင် အဆိုပါကာကွယ်ဆေးအား တတိယအကြိမ်မြောက်ထိုးနှံပေး ကြောင်းသိရသည်။

ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးနှံမည့်ကျောင်းသား၊ကျောင်းသူများကို ဆရာ၊ဆရာမများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ သတ်မှတ်နေရာများသို့လိုက်ပါပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ကာ ကိုဗစ်ကာကွယ်ဆေးများအားထိုးနှံပေးသည်။ယင်းသို့ ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များက လှည့်လည်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံသည့်ကျောင်းသား၊ကျောင်းသူများကို မုန့်များအခမဲ့  ဝေငှပေးကာအားပေးစကားများပြောကြားခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၇၈၆၇)ဦးအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင်တတိယအကြိမ်မြောက် ထိုးနှံပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း