စစ်တွေ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏(၃၂)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်မြင့်မြင့်ကြည်က(၃၂) နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ ရှေ့လုပ်ငန်းစဉ်များ၊ လမ်းညွှန်မှာကြားချက်များ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ လမ်းညွှန်မှာကြားချက်များနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ တစ်နှစ်တာကာလအတွင်း လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုများအား တင်ပြခဲ့မှုတို့ကို ထပ်ဆင့်ရှင်းလင်းကာ အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒေါ်ခိုင်ခိုင်ဦးက ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရှင်းလင်းပြီး အဖွဲ့ဝင်ဒေါ်သူဇာဝင်းက လုပ်ငန်းဆောင်ရွက်ခဲ့မှုများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက မိမိတို့ခရိုင်နှင့်မြို့နယ်အလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည် နယ်ဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်များမှဥက္ကဋ္ဌများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအဖွဲ့ဝင်များသည် ခန်းမအတွင်း မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ဓာတ်ပုံပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)