စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်  ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

စစ်တွေ  ဇန်နဝါရီ  ၂၆

နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ချိန်တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်(မြန်မာပြန်)များနှင့် ဓဇဂ္ဂသုတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို  ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ မေဃိယထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါး၊  အပြင်အောင်ခြင်းရှစ်ပါး ဂါထာပါဠိကို ရွတ်ဖတ်ပူဇော်ချီးမြှင့်ကြပြီး ဝတ်ရွတ်အသင်းအဖွဲ့များက အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်ကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် ဝတ်အသင်း အဖွဲ့များက ဓဇဂ္ဂသုတ်ပရိတ်တော်ကို  ရွတ်ဖတ်ပူဇော်ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)