ပုဏ္ဏားကျွန်း ဇန်နဝါရ၂၆
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကိုရှင်းလင်းပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ဌေးက ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီးထူးချွန်ထက်မြက်သော အားကစားလူငယ်များပေါ်ထွန်းလာစေရန် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးကြရန်ပြောကြားသည်။
ထိုနောက် “ပညာတံခွန်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 ကျောင်းသား မောင်နေမင်းဦးနှင့်မောင်အေးသာထွန်းတို့က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသူ မမေမိုးလွင်နှင့်မခင်ဝင်းရွှေတို့က လူငယ်နှင့်စာရိတ္တခေါင်းစဉ်တို့ဖြင့်ဆွေးနွေးခဲ့ကြသည်။ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးကြသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)