တောင်ကုတ် ဇန်နဝါရီ ၂၆
ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်းဖွံ့ဖြိုးရေးနှင့် နောင်အနာဂတ်တွင် တိုင်းပြည်၏ သားကောင်းရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊ သိမ်တောင်သို့ သွားရောက်၍ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း သိမ်တောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်သန္တာမှ အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်များအဖြစ် နံရံကပ်ဓာတ်ပုံများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။
အဆိုပါ အခမ်းအနားသို့ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်သား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)