စစ်တွေ ဇန်နဝါရီ ၂၆
စစ်တွေမြို့၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းအပြင် သန့်ရှင်း သာယာလှပရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီက နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော် သားများ၊ ပရဟိတအဖွဲ့များက စေတီတော်မြတ်ကြီးခြံဝင်းနှင့် ရင်ပြင်တို့တွင် စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင်ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းများ၊ စေတီတော်မြတ်ကြီးသန့်ရှင်း သာယာစေရေး၊ ဘုရားကြီးရင်ပြင်နှင့် ဘုရားကြီးအနီးပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာရေးအဖွဲ့ကလည်း စွန့်ပစ်အမှိုက် များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း