ပေါက်တော ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် သစ်ပုတ်ကျေးရွာ၌ ရေဖူလုံစွာ ရရှိရန် ရည်ရွယ်၍ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း၊ တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ သစ်ပုတ်ကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၉၇၅ သန်းဖြင့် ဓညဂုဏ်ရောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၆ ပေ ရေကန်တူးဖော်ခြင်း နှင့် အရှည် ၇၀၀ ပေ ၊ အမြင့် ၅ ပေရှိ ခြံစည်းရိုးကာရံခြင်း၊ အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၄၆၈ ၊ လူဦးရေ ၂၁၈၄ ဦးသန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)