ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကျိန္တလီ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည်စုံပြီး လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများဖလှယ်နိုင်စေရန်နှင့် လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်၊ ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၅)မူလွန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၅)မူလွန်ကျောင်းမှ ဆရာမဒေါ်ခင်မိုးရီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးသူများအသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခြင်းခံရသူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကို ဆက်လက်ပြောကြားရာတွင် ကျောင်းအနေအရွယ်ကလေးသူငယ်များမှာ စားဝတ်နေရေးအခက်ခဲများကြောင့် အလုပ်များကိုလုပ်ကိုင်နေကြရသည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ကလေးအလုပ်သမားအခြေနေ၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)