လားရှိုး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ ယဉ်ကျေးမှု၊ လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားတိုးတက်ရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)တို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး