ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများဆောင်ရွက်

မောင်တော ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မီးငြှိမ်းသတ်ရေးနှင့် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်တို့က ဈေးမီးဘေးလုံခြုံရေးအတွက် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြှိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျမီးငြှိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်တတ်စေရန်  ဆီမီးလောင်ကျွမ်းမှုအား အဝတ်ဖြင့်ဖုံးအုပ် မီးငြှိမ်းသတ်ခြင်းများကို ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသစေခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သိန်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက  မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်နှင့် ဈေးအတွင်းလှည့်လည် ကြည့်ရူစစ်ဆေးခြင်း၊ ဈေးအနီး အနားရှိ ဈေးရောင်းချသည့် ဆိုင်ရှေ့ရေမြောင်းများအတွင်း ရေများပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)