မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose) ထိုးနှံ

မအီ  ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လက်ပံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စုရပ်ထားရှိ၍ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ လက်ပံကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းမှ ဆရာ/ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ကျောင်းသား၊ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း (Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ထိုသို့ လက်ပံကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် စုရပ်ထားရှိ၍ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းသို့ လက်ပံကျေးရွာအုပ်စုအတင်းရှိ အညင်းတောင်ကျေးရွာ မူလတန်းကျောင်းနှင့် ဆံထုံးကျေးရွာ မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသားကျောင်းသူများက လာရောက်ထိုးနှံ ခဲ့ကြပြီး အသက်(၅)နှစ်မှ (၁၂)အရွယ် ကျောင်းသားကျောင်းသူ (၂၁၄)ဦးတို့အား  ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း( Booster dose) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ထပ်ဆောင်းကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ (၂၆) ရက်နေ့တွင် ဂျီဖြူတောင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)