မင်းပြားမြို့၌   စက်သုံးဆီဆိုင်များအား   မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်

မင်းပြား ဇန်နဝါရီ ၂၄

ယခုအချိန်သည် ပူပြင်းခြောက်သွေ့သည့်နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား မင်းပြားမြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများက ဆီသိုလှောင်မှုစနစ်တကျရှိစေရေး၊ ဆီဖြည့်နေစဉ် လက်ကိုင်ဖုန်းများအသုံးမပြုစေရန်နှင့် ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် လောင်စာသိုလှောင်မှုများအားစစ်ဆေးခြင်း၊ ရေတွင်း/ရေကန်များ၌ရေအပြည့်ဖြည့်ထားခြင်း၊ ရေအိတ်၊ သဲအိတ်၊ မီးသတ်လှေကား၊  မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများအားကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေး ဆိုင်းဘုတ်များအားစိုက်ထူခြင်း စသည့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရှောင်ရန်၊ ဆောင်ရန်များအားအကြံပြုမှာကြားခဲ့ကြောင်းသိရသည်။

သိန်းနုအောင်