ကျောက်ဖြူ ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမက(အောက်ရွာ)ကျောင်း၊ အလက(ငလပွေ့)ကျောင်းနှင့် အလက(ကုလားဘာတောင်) (မြို့)ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါကျောင်းများသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံခြင်းမပြုမီ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို တာဝန်ကျဆရာ၊ဆရာမများနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးအားထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံမှုပြီးပါက သတ်မှတ်နေရာများတွင် မိနစ် (၃၀) ခန့်စောင့်ကြည့်ခြင်းကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၇၈၆၇)ဦးအား ပထမအကြိမ်နှင့် ဒုတိအကြိမ် အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ဆေးထိုးနှံပြီးဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို တတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း