မအီ ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာ သင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မအီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျောင်းမှ ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ဖော်ပြပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ အထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)အရွယ် ကျောင်းသားကျောင်းသူ (၁၀၃၀)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ကျန်ရှိနေ သေးသည့် အခြေခံပညာကျောင်းများကိုလည်း အလားတူ ထပ်ဆောင်းကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ (၂၄)ရက်နေ့တွင် လက်ပံ ကျေးရွာအုပ်စု၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)