မာန်အောင် ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ၂ နာရီက မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဇေယျာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာဟောပြောပွဲတွင် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခေတ္တ) ကျောင်းအုပ်ဆရာကြီးဦးယဥ်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်အောင်ကျော်ထွန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချမှု လက်ဝယ်ထားရှိမှုများနှင့် ပတ်သက်သော ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်အကြောင်းအ ရာများကို လည်းကောင်း၊မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းစိုးနိုင်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်သန်းဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အကြောင်းအရာများကိုလည်းကောင်း ပါဝါပွိုင့် ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြသ ပြောကြားကြပြီး တက်ရောက်လာသူများအား မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်နှင့် ယာဥ်စည်း ကမ်း၊လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်သား/ကျောင်းသူများ ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)