ရမ်းဗြဲ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိ ပညာပေးဟောပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာကျော်ခန်းမ၌ ကျင်းပခဲ့ကြသည်။
ထိုသို့ ကျင်းပရာတွင် ရမ်းဗြဲမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇာဇာမင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းစေသောဆေးဝါးများနှင့် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချမှု လက်ဝယ်ထားရှိမှုများနှင့်ပတ်သက်သော ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ရမ်းဗြဲမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းနိုင်မှ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက် နာနိုင်ရန်အတွက် ယာဉ်အန္တရာယ်နှင့်လမ်းအန္တရယ်များနှင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)