ဂွမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မကျေးငူကျေးရွာ၊ တောင်ပေါက်ကျေးရွာအုပ်စုများ အရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

ဂွ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာအုပ်စု တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် မကျေးငူကျေးရွာအုပ်စု၊ တောင်ပေါက်ကျေးရွာအုပ်စုတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း၊ မှုခင်းအသိပညာပေးခြင်း၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆)ပြုလုပ်နိုင်ရေး၊ မီးဘေးအန္တရာယ် လုံခြုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းများတွင် အများပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကျဉ်ရမည့်အချက်များ၊ ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာအုပ်စုနေပြည်သူများအား တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို set top box များနှင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေစာအုပ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်