အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်း ကျင်းပ

အမ်း ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် စာတတ်မြောက်ခြင်း စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  စာပေမြတ်နိုးသူလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်နှင့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉)အမှတ် (၁၇)ပါ ဆောင်းပါးရှင် ယု(ဟီးရိုး) ရေးသားသည့် စာတတ်မြောက်ခြင်း စာဖတ်ရှိန် မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှုဆောင်းပါးမှ အသိပညာ၊ နည်းပညာ၊ ဗဟုသုတကို စာပေမှ ရရှိနိုင်သဖြင့် ပညာသည်သာ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအတွက် အရင်းခံအချက်ပင်ဖြစ်သည်။ ပညာစွမ်းရည်၊ ဉာဏစွမ်းရည်၊ လူမှုရေးစွမ်းရည် မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် ပညာအ ခြေခံသော စာတတ်မြောက်ရေးသည် မရှိမဖြစ်လိုအပ်သော စွမ်းအားဖြစ်ကြောင်း၊ အသက်အရွယ်ကြီးပြီးမှ စာရေးစာဖတ်သင်ယူသူများအတွက် ပညာလို အိုသည်မရှိ ပညာသင်ရန် အခက်အခဲရှိသည့် လူငယ်များအတွက် ပညာရေးဝေးသည် မရှိ စသည့် ဆောင်ပုဒ်များဖြင့် အားပေးလှုံဆော်ခဲ့ကြောင်းဆွေး နွေးပြောကြားခဲ့ သည်။ 

ထို့နောက် မြတ်နိုးသူ Book Club အသင်းဝင်  ကျောင်းသား မောင်သန်းထွန်းက စာဖတ်ခြင်းသည် မိမိဘဝနှင့် အလုပ်ခွင်တွင် အရည်အသွေး မြင့်မားစွာ နေထိုင်လုပ်ကိုင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုပင်ဖြစ်ကြောင်း၊ မိမိဦးနှောက် အသိဉာဏ်ကို ဖွံဖြိုးတိုးတက်စေခြင်းသည်သာလျှင် အမှန်တကယ် ချမ်းသာခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး မလှစိုးတင်က စာဖတ်ခြင်းသည် လူတစ်ဦးအတွက် ကောင်းကျိုးများစွာ ရရှိစေနိုင်သလို ကလေးများအတွက် လည်းဖန်တီးမှု စိတ်ကူးကောင်းများကို ဖြစ်ပေါ် စေနိုင်ကြောင်း ဆွေးနွေးပြောကြား၍ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ် ဦးစီးမှူးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)