စစ်တွေ ဇန်နဝါရီ ၉
နေပြည်တော်တွင် ကျင်းပခဲ့သည့် (၇၅)နှစ် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ပါဝင်တင်ဆက်ကပြခဲ့ကြသည့် ပြည်နယ်ယဉ်ကျေးမှုအကအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်တွေလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
အဆိုပါ ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအကအဖွဲ့သည် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ကပြဖျော်ဖြေနိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြီး နေပြည်တော်သို့ သွားရောက်ကာ စခန်းသွင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် ကိုယ်စားပြုဂုဏ်ပြုယာဉ်နှင့်အတူ ကပြဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အကများကပြဖျော်ဖြေပွဲတွင် ကပြဖျော်ဖြေခြင်း၊ ပြည်နယ်ကိုယ်စားပြု ပြခန်းတွင်လာရောက် ကြည့်ရှုလေ့လာ ကြသူများအား ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် ကိုယ်စားပြုယဉ်ကျေးမှုအက အဖွဲ့ဝင် ၆၅ ဦး သွားရောက်ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)