သံတွဲ ဇန်နဝါရီ ၉
သံတွဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းတက်ရောက်ကြပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် ကြက်ခြေတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက နည်းပြများအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သင်တန်းဖွင့်လှစ်ရခြင်းမှာ သံတွဲခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍအလိုက် အချိတ် အဆက်ထိမိစွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိရပ်ရွာအတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီးနောက် ဆောင်ရွက်မည့် လုပ်ငန်းများကို အသိပညာ ပေးနိုင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာမြင့်ထံမှ သိရှိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)