ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

မောင်တော ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေးခဲ့ကြသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းများ ကောက်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများမှ  ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယို သောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်းဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဇန်နဝါရီလ ပထမအပတ်မှ စတင်ကာ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)