မိုင်းပန်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မိုင်းပန် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်၊ အစုအဖွဲ့များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် စာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန် ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ နန်းယီဆိုင်ကော်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ် က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲ စတင်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်နှင့် ကျောင်းသား/သူ(၄)ဦးတို့က မှားမှာကိုမကြောက်ပါနဲ့၊ လူငယ်များကိုပျိုးထောင်ပါ၊ လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်နှင့် စာဖတ်ခြင်းအတတ်ပညာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကျောင်းသား/သူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ရှင်းလင်းဆွေးနွေး ခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)မှ ဆရာ/မများ၊ ကျောင်းသား/သူများ (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)