မြောက်ဦး ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သောပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက ညောင်ပင်ဈေးရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစန်းလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ညောင်ပင်ဈေးရပ်ကွက် အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဗူး စသော မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေ သောလျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )