စစ်တွေမြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကျင်းပ

စစ်တွေ ဇန်နဝါရီ  ၈

စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက် ပိုင်းက လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း(စစ်တွေ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးကဦးဆောင် ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)မှကျောင်း သား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။

လူငယ်စကားဝိုင်းတွင် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)မှ Grade–11 ကျောင်းသား မောင်ကျော်ကျော်က လူငယ်လမ်းညွှန်ဘဝမီးရှူးတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–10 ကျောင်းသား မောင်ခိုင်ကျော်လင်းက ပညာနှင့်စပ်လျဉ်းသည့် ပညာရှိတို့၏ စကားများခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေး ကြသည်။ ထို့ပြင် Grade–11 ကျောင်းသူ မစန္ဒာဌေးက ဘဝညီမျှခြင်းအချိန်၊ Grade–10 ကျောင်းသူ မငြိမ်းမြတ်သူက စိန်ပျက်ကြေကြွချိန်မှာပြုံးပါ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ခန်းမရှေ့၌ ခင်းကျင်းပြသထားသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေး အန္တရာယ် အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာပေများ အားလှည့်လည်ကြည့်ရှု ခဲ့ကြသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(စစ်တွေ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)