မအီမြို့ အမှတ် (၄) ရပ်ကွက် အလယ်တန်းကျောင်း (ခွဲ) ပြင်ဝန်းတွင် ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိ

မအ ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၄) ရပ်ကွက် အလယ်တန်းကျောင်း (ခွဲ) ပြင်ဝန်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် ကျောင်းသူကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီ ပြိုင်ပွဲများအနေဖြင့် အလယ်တန်းအဆင့် (ကျား) ဘောလုံးပွဲကို အသင်း (၅) သင်းဖြင့် အမှတ် (၄) ရပ်ကွက် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဇန်နဝါရီလ ၉/၁၀/၁၁ ရက်နေ့များတွင် လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စံကောရွက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲနှင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲများကို အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက  ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အပ်ချည်ထိုး၊ ဖားခုန်၊ ဂုံနီအိတ်စွပ်၊ ကွမ်းသီးကောက်၊ မုန့်စားစသည့် အားကစားပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများကို  ဇန်နဝါရီ (၁၂) ရက်နေ့ ညနေပိုင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အ.လ.က (ခွဲ) ပြင်ဝန်း၏ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲ ကျင်းပပြုလုပ်ရာ စင်မြင့်ပေါ်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုချီးမြှင့်ပွဲတွင် (၄၈) နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို အဆိုပါ အ.လ.က (ခွဲ) ပြင်ဝန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းမင်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)