တောင်ကုတ်မြို့၌  ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိမရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး

တောင်ကုတ် ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၌ DICION-M ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိမရှိ စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့မှ ယနေ့နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် ဦးဆောင် သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ ဆေးဆိုင်များတွင် DICION-M Tablet(Diciofenac Sodium 50 mg, Paracetamol 500mg)သည် New Magnate Co-Ltd မှ ဆေးဝါးမှတ်ပုံတင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက် အတွင်း ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင် တင်သွင်းရောင်းချနေကြသည့် အတွက် သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအား မှတ်ပုံတင်မဲ့ဆေးဝါးများ ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု မရှိစေရေး ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ၂./၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့် ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းကြရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)