ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

စစ်တွေ   ဇန်နဝါရီ  ၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ ကျောက်ဖြူခရိုင်အမျိုးသားဘောလုံးအသင်းနှင့် စစ်တွေခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေခရိုင်အသင်းက အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဒုတိယရရှိကြသော ကျောက်ဖြူခရိုင်အသင်းအား ပြည်နယ် ပညာရေးမှူးကလည်းကောင်း၊ ပထမဆုရရှိသော မြောက်ဦးခရိုင်အသင်းအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သံတွဲခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော မောင်တောခရိုင်အသင်းအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကလည်းကောင်း၊ အမျိုသားဘော်လီဘော ပြိုင်ပွဲတွင် ပထဆုရရှိသော သံတွဲခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော ကျောက်ဖြူခရိုင်အသင်းအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားပြေးခုန်ပစ်ပြိုင်ပွဲနှင့်အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဆုရရှိကြသော အသင်းများအား ပြည်နယ် လူမှုရေးရာဝန်ကြီးကလည်းကောင်း တစ်ဦးချင်းလည်ဆွဲ တံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စစ်တွေခရိုင်အမျိုးသမီးအသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်တွင် ဒုတိယဆုရရှိသော ကျောက်ဖြူ ခရိုင်အသင်းအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း လည်ဆွဲတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပထမဆုရရှိသော စစ်တေွခရိုင်အမျိုးသားဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ကျောက်ဖြူခရိုင် အမျိုးသမီးဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင် ပထမဆုရရှိ အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းနှင့် ဒုတိယဆုရရှိသော အသင်းအားဂုဏ်ပြုဆုငွေ ကျပ် (၃)သိန်းစီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ထိ စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းနှင့် ဓညဝတီအားကစားခန်းမတို့တွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၄၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)