စစ်တွေ ဇွန်နဝါရီ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၁/ ၂၀၂၃ ဖြင့် ယမန်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၃၁၇ ဦးလွတ်မြောက်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇွန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ် ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိသည်။
ထို့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၅၃ ဦး၊ အကျဉ်းသူလေးဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၂၀ ဦး၊ အကျဉ်းသူလေးဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား ၃၀ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၁၄၅ ဦး၊ အကျဉ်းသူ ၆၁ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၃၁၇ ဦးလွတ်မြောက်ကြောင်း သိရသည်။
အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီး ပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)