ကျောက်ဖြူ ဇန်ဝါရီ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုပေးပွဲအခမ်းနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ် ပညာရေးမှူး(ကိုယ်စား) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးလှချမ်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ် လူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရေး၊ ပြိုင်ပွဲများတွင် အလေ့အကျင့်ကောင်းများရရှိစေရန် အထိမ်း အမှတ်နေ့များတွင် မြို့နယ်အဆင့် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာမှာ ထူးချွန်သော ကျောင်းသား/ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်တွင်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အထက်တန်း၊ အလယ်တန်း)အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများ အားလည်းကောင်း၊ ကမ္ဘာ့ဆရာများနေ့ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိသူများအား လည်းကောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထက်တန်း အဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ကျွန်ုပ်နှင့် ကျွန်ုပ်အကြိုက်ဆုံး အစားအစာ များပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အသီးသီးဆုများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာပန်းခင်း” သီချင်းဖြင့် သိဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားကို အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် လည်းကောင်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)