ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ(၂၄)  ဦး လွှတ်ပေး

ကျောက်ဖြူ  ဇန်နဝါရီ  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ပစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ (၂၄)ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁/၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား/သူ(၇၀၁၂)ဦးတို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ  ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းကျခံနေရသည့် အကျဉ်းသား ၊ အကျဉ်းသူ (၂၄) ဦးတို့အား  ယနေ့ မွန်းလွဲ(၂)နာရီက လွှတ်ပေးလိုက်သည်။

နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး  ရဲမှူး မြင့်လွင်တို့က လွတ်မြောက်လာသည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။ ထို့နောက် အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူ အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသူများအား လွတ်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်များနှင့် ဆေးထောက်ခံစာ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)