မောင်တော ဇန်နဝါရီ ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့် ကာယ/ဉာဏ စွမ်းရည် ပြိုင်ပွဲများ ယမန်နေ့နံနက် ၁၀ နာရီက သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးပြိုင်ပွဲများအား ကလေးများ၏ ကာယ၊ ဉာဏဖွံ့ဖြိုးမှုအတွက် မိဘများအလေးထား စနစ်တကျပြုစုစောင့်ရှောက်တတ်စေရန်နှင့် ကလေးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ရပ်ရွာအတွင်းရှိ မိဘများက မိမိရင်သွေးအား တန်ဖိုးထားစောင့်ရှောက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပ ရခြင်းဖြစ်ပြီး ပြိုင်ပွဲများအနေဖြင့် မုန့်ကိုက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ဘောလုံးကောက် ၊ လက်ဆင့်ကမ်း၊ ဘောလုံးဖောက်၊ ကဗျာပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့အား ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးက လာရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ် မိခင်ကလေး/ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသွယ်ခိုင်၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ် ခင်လှနွယ်၊ မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင်၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား (ပထမ၊ ဒုတိယ၊ တတိယ) ဆုများအား မူကြို ကျောင်းသား၊ ကျောင်းသူလေးများထံသို့ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)