တနင်္သာရီ ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မောတောင်မြို့အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌက ကြီးမှူး၍ ပျော်ပွဲရွှင်ပွဲများ၊အားကစားပြိုင်ပွဲများကို အထက-မောတောင်ကျောင်း အားကစားကွင်းအတွင်း ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပြီး ယမန်နေ့(စိန်ရတုလွတ်လပ်ရေးနေ့) ညနေ ၄ နာရီခွဲအချိန်က ဆုရအား ကစားသမားတစ်ဦးချင်းစီနှင့် အသင်းလိုက်ပြိုင်ပွဲဝင်များအားအခမ်းအနားဖြင့် ဆုချီးမြှင့်ပေးကြကြောင်း သိရသည်။
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၏ ဦးဆောင်မှုဖြင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်၍ တစ်ဦးချင်းပြိုင်ပွဲများအဖြစ် အာလူးဇွန်း ကိုက်(ကျား/မ)ပြိုင်ပွဲ၊ ဗူစီပေါင်းဖောက်(ကျား+မ)ပြိုင်ပွဲ၊ သုံးချောက် ထောက်(ကျား)အပြေးပြိုင်ပွဲ၊ ရေငုံမြင်းစီး(ကျား)ပြိုင်ပွဲ၊ မုန့်ကိုက်(ကျား/မ)ပြိုင်ပွဲ၊ အာလူး ကောက်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၁၀၀)ကျားနှင့် မီတာ(၂၀၀)(ကျား/မ)အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်(မ)ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်(ကျား/မ)ပြိုင်ပွဲ၊ အပ်ထိုး(မ) ပြိုင်ပွဲ၊ မီနီမာရသွန်(ကျား+မ) အပြေးပြိုင်ပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲများကိုလည်းကောင်း၊ ပိုက်ကျော်ခြင်း(ကျား)ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲနှင့် ထုပ်ဆီထိုး(မ) ပြိုင်ပွဲ စသည့်အသင်းအလိုက် ပြိုင်ပွဲများက ဗိုလ်လုပွဲအထိဆက်လက်ယှဉ်ပြိုင်ကစားကြရာ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များ၊ ဆရာ/မများနှင့်ကျောင်းသူ/သားများက ဇန်နဝါရီလ၄ရက် နေ့အထိ ပြိုင်ပွဲများတွင် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြပြီး တခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ညနေ၄နာရီခွဲအချိန်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက်(ပထမ)(ဒုတိယ)(တတိယ)ဆုရရှိကြသည့် အားကစားသမားများ၊ အသင်းလိုက်ဆုရရှိသူများနှင့် (၇၅)နှစ် မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြိတ်ခရိုင်အဆင့် လက်ဝှေ့ပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သော မောတောင်မြို့မှ အောင်ပွဲရ လက်ဝှေ့အားကစားသများအား မောတောင်မြို့ အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ မြို့အုပ်ချုပ် ရေးမှူးဦးသူရထွန်းနှင့် ကော်မတီဝင်များ၊ တာဝန် ရှိသူများက လည်ဆွဲဆုနှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင်(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင် အဖြစ် (ပထမ)ဆုအဖြစ် (၆၅)လက်မ TV (၁)လုံး/ ဒုတိယဆု ထမင်းပေါင်းအိုး(၁)လုံး/ တတိယဆုလျှပ်စစ်မီးပူ အိုး(၁)လုံးတို့ကိုလည်း ကံစမ်းမဲစနစ်ဖြင့် ဖွင့်ဖောက်ပေး၍ သီးခြားချီးမြှင့်ပေးခဲ့ကြောင်း မောတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)