ရခိုင်ပြည်နယ် မောင်တောမြို့၌   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေး

မောင်တော   ဇန်နဝါရီ   ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ  ၄ ရက်နေ့တွင် ကျရောက် သော (၇၅) စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်  ကျင်းပပြုလုပ်သည့် အားကစားပွဲများဖြစ်သော ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ ၊ကင်းမြီးကောက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊  မီတာ ၁၀၀ ပြိုင်ပွဲ၊ မီတာ ၅၀ ပြိုင်ပွဲ၊  ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ ပူစီးဖောင်းဖောက်ပြိုင်ပွဲ၊  ဆန်ကောရွတ်ပြိုင်ပွဲ၊ ရေအိုးရွတ်ပြိုင်ပွဲများ  အသက်အရွယ် အလိုက် အမျိုးသား၊ အမျိုးသမီးများက ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသည့်အသင်းများအား  မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ပေးခဲ့ ကြသည်။

ယင်းနောက် ညနေပိုင်းတွင် မြို့မ အားကစားကွင်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ မုန့်လုံးရေပေါ်၊ မုန်ပေါင်း နှင့် ဒေသ အစားအစာများ စတုဒီသာကျွေးမွေးကြရာ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါးလှည့်လည်စား သောက်ကြသူများနှင့် အထူးစည်းကားခဲ့သည်။ အဆိုပါ စတုဒီသာကျွေးမွေးကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များအားခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အကောင်းဆုံးဆု၊ လူကြိုက်အများဆုံးနှင့် နှစ်သိမ့်ဆုရရှိသောအဖွဲ့တို့အား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)