(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနား ရမ်းဗြဲမြို့၌ ကျင်းပ

ရမ်းဗြဲ  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားကို ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပကြသည်။

ရှေ့ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား  တက်ရောက်လာကြသူများမှအလေးပြုကြသည်။    ၎င်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ရမ်းဗြဲမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ဖတ်ကြားသည်။

ဆက်လက်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသောသူများကို ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်အဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အောင်နိုင် (ပြန်/ဆက်)