ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ ကျင်းပပြုလုပ်

ကျောက်ဖြူ   ဇန်နဝါရီ 

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောက်ဖြူမြို့၊ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ပွိုင့်ကမ်းခြေအနီးရှိ ဦးဥတ္တမပန်းခြံဝန်းအတွင်း၌ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ ကျင်သန် များမှ အနိုင်မခံ အရှုံးမပေး စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆုရရှိသည့် ကျင်သန်အား ဂုဏ်ပြုဆုချီးမြှင့်ငွေ ငါးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် ကျင်သန် အား ဂုဏ်ပြုဆုချီးမြှင့်ငွေ သုံးသိန်းကျပ်တို့ကို  ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။  ထို့အပြင် ညပိုင်းအစီအစဉ်အဖြစ် နဒီသောင်ယံဂေါက်ကလပ်ကွင်းပြင်ကြီးတွင်လည်း တေးဂီတ ဖျော်ဖြေ ရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ယင်းသို့ ကျင်ပြိုင် ပွဲနှင့် ဖျော်ဖြေရေးများကို ဇန်နဝါရီ (၃) ရက်နေ့နှင့် (၄) ရက်နေ့ (၂)ရက်တိုင်တိုင် အဆိုပါ နေရာ များ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အလားတူ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်လည်း လွတ်လပ် ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများကို  မြို့မအားကစားဘောလုံးကွင်းကြီးတွင် နံနက်(၇)နာရီ အချိန်မှစ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း