သံတွဲ ဇန်နဝါရီ ၄
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက်နေ့နံနက် ၈ နာရီမှစ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့က ဦးဆောင်၍ သံတွဲမြို့၌ကျင်းပလျက်ရှိသည်။
၎င်းပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန( Community Centre)ရှေ့တွင်လည်းကောင်း ၊ မီတာ(၅၀)ကျား/မ အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်(ကျား/မ)အပြေးပြိုင်ပွဲ ၊ မုန့်စားပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲများကို သံတွဲမြို့မ အားကစားကွင်းနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲများကို အမှတ်(၈)ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သံတွဲမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများဝင်ရောက် ယှဉ်ပြိုင် ကစားလျက်ရှိပြီး နောက်ဆုံးဗိုလ်လုပွဲများကို ဇန်နဝါရီ(၄)ရက်နေ့တွင် ယှဉ်ပြိုင်ကစားပြီး ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် အမှတ်(၄)ရပ်ကွက်ရှိ လေးမျက်နှာဓမ္မာရုံ၌ ည ၆ နာရီမှ ၁၀.၃၀ နာရီထိ “The One Music Band” စင်တင်တေးဂီတဖြင့် ဖျော်ဖြေတင် ဆက်သွား မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအားကစားပြိုင်ပွဲများကျင်းပရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)